သနန္တန ဓမ္မပါလက (ဟိန္ဒူ) အဖွဲ့ချုပ်
၇၅-နှစ်ပြည့် စိန်ရတုသဘင် အထိမ်းအမှတ် အစီရင်ခံစာ
အဖွဲ့ချုပ်၏ (၆) လပတ် အလုပ်အမှုဆောင်နှင့် အထွေထွေကောင်စီ အစည်းအဝေး (ကျောက်တံခါးနှင့် ပြင်ဦးလွင်) မြို့များ၏ ဆုံးဖြတ်ချက်အရ စိန်ရတုသဘင် ဂုဏ်ပြုအစီအစဉ်များကို အောင်မြင်စွာ ကျင်းပပြုလုပ်ခဲ့ပြီးစီးမှု မှတ်တမ်းဖြစ်ပါသည်။
🎥 စိန်ရတုသဘင် အထိမ်းအမှတ် မှတ်တမ်းဗီဒီယို
📸🎥 အခမ်းအနား မှတ်တမ်းဓာတ်ပုံများနှင့် ဗီဒီယိုများ ကြည့်ရှုရန်
(၇၅) နှစ်ပြည့် စိန်ရတုသဘင် အထိမ်းအမှတ် အစီအစဉ်များ၏ အမှတ်တရ ဓာတ်ပုံများနှင့် ဗီဒီယိုမှတ်တမ်းများကို အောက်ပါလင့်ခ်များမှတစ်ဆင့် Google Drive နှင့် YouTube တို့တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။
💎 အထိမ်းအမှတ် အစီအစဉ်များ အကျဉ်းချုပ်
စိန်ရတုသဘင် အထိမ်းအမှတ် အစီအစဉ်များကို ဟဝမ် (ဟဗန်) ယာဇ် ဖြင့် မင်္ဂလာရှိစွာ စတင်ဖွင့်လှစ်ခဲ့ပြီး၊ သတ်မှတ်ကာလအတွင်း တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် မွန်မြတ်သော လူမှုရေး၊ ဘသာရေးနှင့် ကာယ/ဉာဏ စွမ်းရည်ပြိုင်ပွဲ မဂ္ဂဇင်းထုတ်ဝေခြင်း အပါအဝင် လုပ်ငန်းစဉ်ကြီးများကို အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့ပါသည်။
၁ ဟဝမ် (ယာဇ်) ပူဇော်ပွဲ
ဤပူဇော်ပွဲကို အချို့သောဇုန်တွင် ဇနီးမောင်နှံ (၇၅) တွဲ နှင့် အချို့ဇုန်များတွင် သံဃအမှုဆောင်များ ဥပုသ်သီလဆောက်တည်လျက် ဇန်နဝါရီလ (12) ရက်နှင့် (19) ရက်နေ့တွင် ဟဝမ်မီးဟုမ်းပူဇော်ပွဲများ ကျင်းပခဲ့ပြီး (၇၅) နှစ်ပြည့် အထိမ်းအမှတ် အစီအစဉ်များကို စတင်ခဲ့ပါသည်။
၂ ရှာခါး (၇၅) ခု တည်ထောင်ခြင်း
သံဃအဖွဲ့၏ အသက်သွေးကြောဖြစ်သော ရှာခါးလုပ်ငန်းကို ဇုန်အားလုံးတွင် ၇၅-နှစ်ပြည့် အထိမ်းအမှတ်ကာလ၌ ရှာခါးများ (၇၅) ခု ဖြစ်အောင် အားသွန်ခွန်စိုက် ကြိုးစား အကောင်အထည်ဖော်ခဲ့ကြပါသည်။
၃ မြို့နယ်များသို့ Samparka (အဆက်အသွယ်) ပြုလုပ်ခြင်း
နှစ်စဉ်နှစ်တိုင်း ပြုလုပ်လေ့ရှိသော ရက္ခဗန္ဓန် အခါသမယတွင် သံဃအမှုဆောင်များ တစ်နိုင်ငံလုံးတွင် သွားရောက်ကာ Griha Samparka (အိမ်တိုင်းစေ့ရောက်) ရာခီကြိုးချည်နှောင်ခြင်း လုပ်ငန်းစဉ်ဖြင့် (၇၇) မြို့နယ်၊ အိမ်ခြေ ၈၉၂၀ အိမ် တွင် Samparka အဆက်အသွယ် ပြုလုပ်နိုင်ခဲ့ပါသည်။
၄ Sanskar Sadhana Varga (ဟိန္ဒူယဉ်ကျေးမှု တစ်ရက်တာသင်တန်း)
(၇၅) နေရာတွင် ပြုလုပ်ရန် စီစဉ်ခဲ့ရာ တစ်နိုင်ငံလုံးရှိ ဝိဘတ်ဂ် (Vibhag) အားလုံးတွင် (၈၈) နေရာ အထိ တိုးချဲ့ပြုလုပ်နိုင်ခဲ့ပါသည်။ သင်တန်းသား ၁၉၀၉ Baal၊ ၂၂၃၀ Balika၊ ၆၇၈ Tarun နှင့် အမှုဆောင် ၁၀၆ ဦး (စုစုပေါင်း ၄,၈၁၇ ဦး) တက်ရောက်ခဲ့ပါသည်။
၅ သွေးလှူဒါန်းပွဲ (၇၅၀) ယူနစ်
SDSS Seva Vibhag မှ ဇုန်အားလုံးရှိ သွေးလှူဌာနများဖြစ်သော (ရန်ကုန်၊ မော်လမြိုင်၊ ပုသိမ်၊ မန္တလေး၊ ပြင်ဦးလွင်၊ သထုံ၊ အောင်လံ) တို့၌ စုစုပေါင်း သွေးယူနစ် (၇၇2) ယူနစ် ကို အောင်မြင်စွာ လှူဒါန်းပေးနိုင်ခဲ့ပါသည်။
၆ အပင် (၇၅၀) စိုက်ပျိုးခြင်း
ဤအစီအစဉ်ကို ဇနကလျာဏအသင်းမှ ဇုန်အားလုံးတွင် ဦးစီးဦးဆောင်ကာ ရည်မှန်းချက်ထက်ကျော်လွန်၍ (၁၂၆၇) ပင် သော သီးပင်၊ စားပင်၊ အရိပ်ရအပင်များကို သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြေရေးအတွက် အောင်မြင်စွာ စိုက်ပျိုးခဲ့ပါသည်။
၇ ကာယပြိုင်ပွဲ (အားကစားပြိုင်ပွဲများ)
အသက် ၁၅ နှစ်အောက်နှင့် အထက်ဟူ၍ ခွဲခြားကာ (ကဗဒ္ဒီ၊ ခို-ခို၊ ရိန်းဂ်ဂိုးလ်၊ Chakravalay, Kosh Sanchay, Kandukam Prakarshanam နှင့် ထုပ်ဆီးတိုး) ကစားနည်းများဖြင့် အောက်တိုဘာလ (၇) ရက်နေ့အထိ ယှဉ်ပြိုင်ခဲ့ရာ စုစုပေါင်း ၁၇၃ သင်း (တစ်သင်းလျှင် ၈ ဦးစီဖြင့် စုစုပေါင်း ၁၃၈၄ ဦး) တက်ကြွစွာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပါသည်။
၈ ဉာဏပြိုင်ပွဲ
စာစီစာကုံး (မြန်မာ၊ တမီးလ်၊ ဟိန္ဒီ၊ တယ်လူဂူ နှင့် နေပါလီဘာသာစကားများဖြင့်)၊ ကျမ်းစာစကားပြောပြိုင်ပွဲ၊ စကားရည်လုပွဲနှင့် သံဃသီချင်းပြိုင်ပွဲများ (တစ်ဦးချင်း၊ အုပ်စုလိုက်၊ မိသားစုလိုက်) ကို ကျင်းပခဲ့ရာ စုစုပေါင်း ၄၈၀၀ ဦး ပါဝင်ယှဉ်ပြိုင်ကာ ဉာဏ်ပညာစွမ်းအားကို ပြသခဲ့ကြပါသည်။
၉ ဆေးရောင်ခြယ်နှင့် ပုံတူပန်းချီရေးဆွဲပြိုင်ပွဲ
အသက် (၁၅) နှစ်အောက် ကလေးများအတွက် ဆေးရောင်ခြယ်ပြိုင်ပွဲနှင့်အတူ၊ မြန်မာနိုင်ငံ ရိုးရာပန်းချီပညာရှင်များအစည်းအရုံး၏ ဦးဆောင်မှုဖြင့် ပုံတူပန်းချီရေးဆွဲပြိုင်ပွဲကို ခမ်းနားစွာကျင်းပခဲ့ရာ မြန်မာနိုင်ငံအနှံ့မှ ပညာရှင် (၇၉) ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ပါသည်။
၁၀ ယောဂသင်တန်း
"အာရောဂျံ ပရမံ လာဘံ" ဆောင်ပုဒ်နှင့်အညီ ကိုယ်စိတ်နှစ်ဖြာကျန်းမာစေရန် အောက်တိုဘာလ ၃၀ မှ နိုဝင်ဘာလ ၅ ရက်ထိ ပြင်ဦးလွင်မြို့၊ နောင်ခမ်းကြီးကျေးရွာရှိ ပဉ္စဝတီယောဂရိပ်သာတွင် အိန္ဒိယသံရုံးမှ ယောဂဆရာမနှင့် သင်တန်းဆရာ (၄) ဦးတို့ဖြင့် (၅) ရက်တာ စနစ်တကျ သင်ကြားကျင်းပခဲ့ပါသည်။
၁၁ ဟိန္ဒူအမျိုးသမီး တွေ့ဆုံပွဲ
မြန်မာနိုင်ငံရှိ ဘာသာရေး၊ လူမှုရေး၊ စာပေသင်ကြားရေးလုပ်ငန်းများနှင့် ပညာရှင် ဟိန္ဒူအမျိုးသမီးများ၏ တွေ့ဆုံပွဲကို ပြင်ဦးလွင်မြို့၊ ပဉ္စဝတီယောဂရိပ်သာတွင် မတ်လ ၇/၈ ရက်နေ့၌ ကျင်းပခဲ့ရာ တိုင်းနှင့်ပြည်နယ်အသီးသီးမှ ဟိန္ဒူအမျိုးသမီး စုစုပေါင်း (၁၁၀) ဦး တက်ရောက်ဆွေးနွေးခဲ့ကြပါသည်။
၁၂ ဟိန္ဒူအမျိုးသား တွေ့ဆုံပွဲ
ဘာသာရေး၊ လူမှုရေး၊ ပရဟိတခေါင်းဆောင်များနှင့် ပညာရှင်များ (အင်ဂျင်နီယာ၊ ဒေါက်တာ၊ ရှေ့နေ၊ စာရေးဆရာ) ၏ တွေ့ဆုံပွဲကို ရန်ကုန်မြို့ မြဝတီမီဒီယာစင်တာ၌ မတ်လ ၂၇/၂၈ ရက်တွင် ကျင်းပခဲ့ပါသည်။ မိခင်ဘာသာစာပေ၊ နိုင်ငံသားစိစစ်ရေးကတ်နှင့် အနာဂတ်ကိစ္စရပ်များဖြေရှင်းရေးကို အဓိကဆွေးနွေးခဲ့ကြပြီး စုစုပေါင်း (၁၇၅) ဦး နှင့် Сီမံခန့်ခွဲသူ (၅၀) ဦး တက်ရောက်ခဲ့ပါသည်။
၁၃ ၇၅-နှစ်ပြည့် အထိမ်းအမှတ် မဂ္ဂဇင်းထုတ်ဝေခြင်းနှင့် စိန်ရတုအခမ်းအနား
၇၅-နှစ်ပြည့် အထိမ်းအမှတ် မဂ္ဂဇင်းကို ထုတ်ဝေခဲ့ပြီး၊ မေလ (၂၃/၂၄) ရက်နေ့များတွင် ဒဂုံမြို့နယ်၊ အမျိုးသားဇာတ်ရုံ၌ ခမ်းနားစွာ ကျင်းပခဲ့ပါသည်။ တစ်ခန်းရပ်ပြဇာတ်ပြိုင်ပွဲ၊ ဂုဏ်ထူးဆောင်ဆုချီးမြှင့်ပွဲ၊ စုံညီပွဲများနှင့်အတူ ယဉ်ကျေးမှုအကပဒေသာများဖြင့် စိန်ရတုသဘင်ကို အောင်မြင်စွာ သိမ်းပိတ် မှတ်တမ်းတင်နိုင်ခဲ့ပါသည်။
သနန္တန ဓမ္မပါလက (ဟိန္ဒူ) အဖွဲ့ချုပ်၏ ၇၅ နှစ်ပြည့် စိန်ရတုသဘင်အထိမ်းအမှတ် အစီအစဉ်များတွင် အဖက်ဖက်မှ ဝိုင်းဝန်းကူညီ အားဖြည့်ပေးခဲ့ကြသော အမှုဆောင်များ၊ စေဝက၊ စေဝိကာများနှင့် ဓမ္မမိတ်ဆွေများအားလုံးကို အဖွဲ့ချုပ်မှ အထူးပင် ကျေးဇူးတင်ရှိအပ်ပါသည်။
- အားလုံးကို ကျေးဇူးတင်ပါသည်။ -
